1 רַנְּנ֣וּ צַ֭דִּיקִים בַּֽיהוָ֑ה לַ֝יְשָׁרִ֗ים נָאוָ֥ה תְהִלָּֽה׃ 2 הוֹד֣וּ לַיהוָ֣ה בְּכִנּ֑וֹר בְּנֵ֥בֶל עָ֝שׂ֗וֹר זַמְּרוּ־לֽוֹ׃ 3 שִֽׁירוּ־ל֭וֹ שִׁ֣יר חָדָ֑שׁ הֵיטִ֥יבוּ נַ֝גֵּ֗ן בִּתְרוּעָֽה׃ 4 כִּֽי־יָשָׁ֥ר דְּבַר־יְהוָ֑ה וְכָל־מַ֝עֲשֵׂ֗הוּ בֶּאֱמוּנָֽה׃ 5 אֹ֭הֵב צְדָקָ֣ה וּמִשְׁפָּ֑ט חֶ֥סֶד יְ֝הוָ֗ה מָלְאָ֥ה הָאָֽרֶץ׃ 6 בִּדְבַ֣ר יְ֭הוָה שָׁמַ֣יִם נַעֲשׂ֑וּ וּבְר֥וּחַ פִּ֝֗יו כָּל־צְבָאָֽם׃ 7 כֹּנֵ֣ס כַּ֭נֵּד מֵ֣י הַיָּ֑ם נֹתֵ֖ן בְּאֹצָר֣וֹת תְּהוֹמֽוֹת׃ 8 יִֽירְא֣וּ מֵ֭יְהוָה כָּל־הָאָ֑רֶץ מִמֶּ֥נּוּ יָ֝ג֗וּרוּ כָּל־יֹשְׁבֵ֥י תֵבֵֽל׃ 9 כִּ֤י ה֣וּא אָמַ֣ר וַיֶּ֑הִי הֽוּא־צִ֝וָּ֗ה וַֽיַּעֲמֹֽד׃ 10 יְֽהוָ֗ה הֵפִ֥יר עֲצַת־גּוֹיִ֑ם הֵ֝נִ֗יא מַחְשְׁב֥וֹת עַמִּֽים׃ 11 עֲצַ֣ת יְ֭הוָה לְעוֹלָ֣ם תַּעֲמֹ֑ד מַחְשְׁב֥וֹת לִ֝בּ֗וֹ לְדֹ֣ר וָדֹֽר׃ 12 אַשְׁרֵ֣י הַ֭גּוֹי אֲשֶׁר־יְהוָ֣ה אֱלֹהָ֑יו הָעָ֓ם ׀ בָּחַ֖ר לְנַחֲלָ֣ה לֽוֹ׃ 13 מִ֭שָּׁמַיִם הִבִּ֣יט יְהוָ֑ה רָ֝אָ֗ה אֶֽת־כָּל־בְּנֵ֥י הָאָדָֽם׃ 14 מִֽמְּכוֹן־שִׁבְתּ֥וֹ הִשְׁגִּ֑יחַ אֶ֖ל כָּל־יֹשְׁבֵ֣י הָאָֽרֶץ׃ 15 הַיֹּצֵ֣ר יַ֣חַד לִבָּ֑ם הַ֝מֵּבִ֗ין אֶל־כָּל־מַעֲשֵׂיהֶֽם׃ 16 אֵֽין־הַ֭מֶּלֶךְ נוֹשָׁ֣ע בְּרָב־חָ֑יִל גִּ֝בּ֗וֹר לֹֽא־יִנָּצֵ֥ל בְּרָב־כֹּֽחַ׃ 17 שֶׁ֣קֶר הַ֭סּוּס לִתְשׁוּעָ֑ה וּבְרֹ֥ב חֵ֝יל֗וֹ לֹ֣א יְמַלֵּֽט׃ 18 הִנֵּ֤ה עֵ֣ין יְ֭הוָה אֶל־יְרֵאָ֑יו לַֽמְיַחֲלִ֥ים לְחַסְדּֽוֹ׃ 19 לְהַצִּ֣יל מִמָּ֣וֶת נַפְשָׁ֑ם וּ֝לְחַיּוֹתָ֗ם בָּרָעָֽב׃ 20 נַ֭פְשֵׁנוּ חִכְּתָ֣ה לַֽיהוָ֑ה עֶזְרֵ֖נוּ וּמָגִנֵּ֣נוּ הֽוּא׃ 21 כִּי־ב֭וֹ יִשְׂמַ֣ח לִבֵּ֑נוּ כִּ֤י בְשֵׁ֖ם קָדְשׁ֣וֹ בָטָֽחְנוּ׃ 22 יְהִֽי־חַסְדְּךָ֣ יְהוָ֣ה עָלֵ֑ינוּ כַּ֝אֲשֶׁ֗ר יִחַ֥לְנוּ לָֽךְ׃
ထောမနာသီချင်း
1 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်းအကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏။ 2 စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့။ 3 ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။ 4 အကြောင်းမူကား၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏။ 5 ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင်ခြင်းကိုနှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။
6 ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင် တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ 7 သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲသောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏။ 8 ထာဝရဘုရားကို မြေကြီးတစ်ပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။ 9 အကြောင်းမူကား၊ ထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
10 ထာဝရဘုရားသည် တစ်ပါးအမျိုးသားတို့၏တိုင်ပင်ခြင်းကိုပယ်တော်မူ၏။ လူစုတို့၏ကြံစည်ခြင်းကိုလည်း ဖျက်ဆီးတော်မူ၏။ 11 ထာဝရဘုရား၏ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏အကြံအစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင်တည်ကြလိမ့်မည်။ 12 ထာဝရဘုရားသည် အကြင်အမျိုး၏ဘုရားဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဖို့ ရွေးကောက်တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည်မင်္ဂလာရှိ၏။
13 ထာဝရဘုရားသည် ကောင်းကင်ဘုံကကြည့်ရှု၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။ 14 ကျိန်းဝပ်တော်မူရာ အရပ်ကကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏။ 15 သူတို့၏စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏။ 16 ရှင်ဘုရင်မည်သည်ကား၊ များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အားကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။ 17 မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ်နိုင်။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်မယူနိုင်။ 18 ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊ 19 သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။ 20 ငါတို့၏ဝိညာဉ်သည် ထာဝရဘုရားကို မျှော်လင့်လျက်နေ၏။ ထိုဘုရားသည် ငါတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။ 21 သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့်၊ ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။ 22 အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကိုးစားသည်နှင့်အညီ၊ အကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော။