1 לְדָוִ֨ד ׀ אַל־תִּתְחַ֥ר בַּמְּרֵעִ֑ים אַל־תְּ֝קַנֵּ֗א בְּעֹשֵׂ֥י עַוְלָֽה׃ 2 כִּ֣י כֶ֭חָצִיר מְהֵרָ֣ה יִמָּ֑לוּ וּכְיֶ֥רֶק דֶּ֝֗שֶׁא יִבּוֹלֽוּן׃ 3 בְּטַ֣ח בַּֽ֭יהוָה וַעֲשֵׂה־ט֑וֹב שְׁכָן־אֶ֝֗רֶץ וּרְעֵ֥ה אֱמוּנָֽה׃ 4 וְהִתְעַנַּ֥ג עַל־יְהוָ֑ה וְיִֽתֶּן־לְ֝ךָ֗ מִשְׁאֲלֹ֥ת לִבֶּֽךָ׃ 5 גּ֣וֹל עַל־יְהוָ֣ה דַּרְכֶּ֑ךָ וּבְטַ֥ח עָ֝לָ֗יו וְה֣וּא יַעֲשֶֽׂה׃ 6 וְהוֹצִ֣יא כָא֣וֹר צִדְקֶ֑ךָ וּ֝מִשְׁפָּטֶ֗ךָ כַּֽצָּהֳרָֽיִם׃ 7 דּ֤וֹם ׀ לַיהוָה֮ וְהִתְח֪וֹלֵ֫ל ל֥וֹ אַל־תִּ֭תְחַר בְּמַצְלִ֣יחַ דַּרְכּ֑וֹ בְּ֝אִ֗ישׁ עֹשֶׂ֥ה מְזִמּֽוֹת׃ 8 הֶ֣רֶף מֵ֭אַף וַעֲזֹ֣ב חֵמָ֑ה אַל־תִּ֝תְחַ֗ר אַךְ־לְהָרֵֽעַ׃ 9 כִּֽי־מְ֭רֵעִים יִכָּרֵת֑וּן וְקֹוֵ֥י יְ֝הוָ֗ה הֵ֣מָּה יִֽירְשׁוּ־אָֽרֶץ׃ 10 וְע֣וֹד מְ֭עַט וְאֵ֣ין רָשָׁ֑ע וְהִתְבּוֹנַ֖נְתָּ עַל־מְקוֹמ֣וֹ וְאֵינֶֽנּוּ׃ 11 וַעֲנָוִ֥ים יִֽירְשׁוּ־אָ֑רֶץ וְ֝הִתְעַנְּג֗וּ עַל־רֹ֥ב שָׁלֽוֹם׃ 12 זֹמֵ֣ם רָ֭שָׁע לַצַּדִּ֑יק וְחֹרֵ֖ק עָלָ֣יו שִׁנָּֽיו׃ 13 אֲדֹנָ֥י יִשְׂחַק־ל֑וֹ כִּֽי־רָ֝אָ֗ה כִּֽי־יָבֹ֥א יוֹמֽוֹ׃ 14 חֶ֤רֶב ׀ פָּֽתְח֣וּ רְשָׁעִים֮ וְדָרְכ֪וּ קַ֫שְׁתָּ֥ם לְ֭הַפִּיל עָנִ֣י וְאֶבְי֑וֹן לִ֝טְב֗וֹחַ יִשְׁרֵי־דָֽרֶךְ׃ 15 חַ֭רְבָּם תָּב֣וֹא בְלִבָּ֑ם וְ֝קַשְּׁתוֹתָ֗ם תִּשָּׁבַֽרְנָה׃ 16 טוֹב־מְ֭עַט לַצַּדִּ֑יק מֵ֝הֲמ֗וֹן רְשָׁעִ֥ים רַבִּֽים׃ 17 כִּ֤י זְרוֹע֣וֹת רְ֭שָׁעִים תִּשָּׁבַ֑רְנָה וְסוֹמֵ֖ךְ צַדִּיקִ֣ים יְהוָֽה׃ 18 יוֹדֵ֣עַ יְ֭הוָה יְמֵ֣י תְמִימִ֑ם וְ֝נַחֲלָתָ֗ם לְעוֹלָ֥ם תִּהְיֶֽה׃ 19 לֹֽא־יֵ֭בֹשׁוּ בְּעֵ֣ת רָעָ֑ה וּבִימֵ֖י רְעָב֣וֹן יִשְׂבָּֽעוּ׃ 20 כִּ֤י רְשָׁעִ֨ים ׀ יֹאבֵ֗דוּ וְאֹיְבֵ֣י יְ֭הוָה כִּיקַ֣ר כָּרִ֑ים כָּל֖וּ בֶעָשָׁ֣ן כָּֽלוּ׃ 21 לֹוֶ֣ה רָ֭שָׁע וְלֹ֣א יְשַׁלֵּ֑ם וְ֝צַדִּ֗יק חוֹנֵ֥ן וְנוֹתֵֽן׃ 22 כִּ֣י מְ֭בֹרָכָיו יִ֣ירְשׁוּ אָ֑רֶץ וּ֝מְקֻלָּלָ֗יו יִכָּרֵֽתוּ׃ 23 מֵ֭יְהוָה מִֽצְעֲדֵי־גֶ֥בֶר כּוֹנָ֗נוּ וְדַרְכּ֥וֹ יֶחְפָּֽץ׃ 24 כִּֽי־יִפֹּ֥ל לֹֽא־יוּטָ֑ל כִּֽי־יְ֝הוָ֗ה סוֹמֵ֥ךְ יָדֽוֹ׃ 25 נַ֤עַר ׀ הָיִ֗יתִי גַּם־זָ֫קַ֥נְתִּי וְֽלֹא־רָ֭אִיתִי צַדִּ֣יק נֶעֱזָ֑ב וְ֝זַרְע֗וֹ מְבַקֶּשׁ־לָֽחֶם׃ 26 כָּל־הַ֭יּוֹם חוֹנֵ֣ן וּמַלְוֶ֑ה וְ֝זַרְע֗וֹ לִבְרָכָֽה׃ 27 ס֣וּר מֵ֭רָע וַעֲשֵׂה־ט֗וֹב וּשְׁכֹ֥ן לְעוֹלָֽם׃ 28 כִּ֤י יְהוָ֨ה ׀ אֹ֘הֵ֤ב מִשְׁפָּ֗ט וְלֹא־יַעֲזֹ֣ב אֶת־חֲ֭סִידָיו לְעוֹלָ֣ם נִשְׁמָ֑רוּ וְזֶ֖רַע רְשָׁעִ֣ים נִכְרָֽת׃ 29 צַדִּיקִ֥ים יִֽירְשׁוּ־אָ֑רֶץ וְיִשְׁכְּנ֖וּ לָעַ֣ד עָלֶֽיהָ׃ 30 פִּֽי־צַ֭דִּיק יֶהְגֶּ֣ה חָכְמָ֑ה וּ֝לְשׁוֹנ֗וֹ תְּדַבֵּ֥ר מִשְׁפָּֽט׃ 31 תּוֹרַ֣ת אֱלֹהָ֣יו בְּלִבּ֑וֹ לֹ֖א תִמְעַ֣ד אֲשֻׁרָיו׃ 32 צוֹפֶ֣ה רָ֭שָׁע לַצַּדִּ֑יק וּ֝מְבַקֵּ֗שׁ לַהֲמִיתוֹ׃ 33 יְ֭הוָה לֹא־יַעַזְבֶ֣נּוּ בְיָד֑וֹ וְלֹ֥א יַ֝רְשִׁיעֶ֗נּוּ בְּהִשָּׁפְטֽוֹ׃ 34 קַוֵּ֤ה אֶל־יְהוָ֨ה ׀ וּשְׁמֹ֬ר דַּרְכּ֗וֹ וִֽ֭ירוֹמִמְךָ לָרֶ֣שֶׁת אָ֑רֶץ בְּהִכָּרֵ֖ת רְשָׁעִ֣ים תִּרְאֶֽה׃ 35 רָ֭אִיתִי רָשָׁ֣ע עָרִ֑יץ וּ֝מִתְעָרֶ֗ה כְּאֶזְרָ֥ח רַעֲנָֽן׃ 36 וַ֭יַּֽעֲבֹר וְהִנֵּ֣ה אֵינֶ֑נּוּ וָֽ֝אֲבַקְשֵׁ֗הוּ וְלֹ֣א נִמְצָֽא׃ 37 שְׁמָר־תָּ֭ם וּרְאֵ֣ה יָשָׁ֑ר כִּֽי־אַחֲרִ֖ית לְאִ֣ישׁ שָׁלֽוֹם׃ 38 וּֽ֭פֹשְׁעִים נִשְׁמְד֣וּ יַחְדָּ֑ו אַחֲרִ֖ית רְשָׁעִ֣ים נִכְרָֽתָה׃ 39 וּתְשׁוּעַ֣ת צַ֭דִּיקִים מֵיְהוָ֑ה מָֽ֝עוּזָּ֗ם בְּעֵ֣ת צָרָֽה׃ 40 וַֽיַּעְזְרֵ֥ם יְהוָ֗ה וַֽיְפַ֫לְּטֵ֥ם יְפַלְּטֵ֣ם מֵ֭רְשָׁעִים וְיוֹשִׁיעֵ֑ם כִּי־חָ֥סוּ בֽוֹ׃
သည်းခံလျက်ယုံကြည်ကိုးစားရန်
1 လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။ 2 အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍၊ စိမ်းသောပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ 3 ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့်ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။ 4 ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။ 5 ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။ 6 သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့လည်းကောင်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင်ခြည် ကဲ့သို့လည်းကောင်း၊ ဖော်ပြတော်မူမည်။ 7 ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏အကြောင်းကြောင့် စိတ်မပူနှင့်။ 8 အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ် မရှိစေနှင့်။ 9 ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။ 10 ခဏကြာပြီးမှ၊ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ 11 စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။မ၊ ၅:၅။12 မတရားသောသူသည် ဖြောင့်မတ်သောသူတစ်ဖက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။ 13 သို့သော်လည်း သူ၏နေ့ရက်အချိန်ရောက်မည်ကို ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။ 14 မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်စွာကျင့်သောသူတို့ကို သတ်ခြင်းငှာလည်းကောင်း၊ ဓားကိုထုတ်လျက်၊ လေးကိုတင်လျက် နေတတ်ကြ၏။ 15 သို့သော်လည်း၊ သူတို့ဓားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။
16 ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။ 17 အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံးသည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊ ထာဝရဘုရား မစတော်မူ၏။ 18 ဖြောင့်မတ်သောသူတို့၏နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍၊ သူတို့၏အမွေဥစ္စာသည် အစဉ်အမြဲ တည်လိမ့်မည်။ 19 သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည်ကာလ၌ ဝစွာစားရကြ၏။ 20 မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထာဝရဘုရား၏ရန်သူတို့သည် ကျက်စားရာအရပ်၏ အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။ 21 မတရားသောသူသည်ချေးငှား၍ မဆပ်ဘဲနေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။ 22 ကောင်းချီးပေးတော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်းကို ခံရသောသူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။ 23 ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ 24 ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။ 25 ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။ 26 သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့်၊ သူတစ်ပါးတို့အား ချေးငှားတတ်သည်ဖြစ်၍၊ သူ၏သားမြေးတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြ၏။
27 ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။ 28 ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ မတရားသောသူ၏သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ 29 ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။ 30 ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသောစကားကို ပြောဆိုတတ်၏။ 31 ထာဝရဘုရား၏တရားတော်သည် သူ၏စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။ 32 မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှာ ရှာကြံတတ်၏။ 33 သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏လက်၌ ဖြောင့်မတ်သောသူကို စွန့်ပစ်တော်မူမည် မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည် မဟုတ်။ 34 ထာဝရဘုရားကို မျှော်လင့်၍၊ လမ်းတော်ကို လျှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။ 35 မတရားသောသူသည် အစိုးတရပြု၍၊ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့၊ ကိုယ်ကိုကိုယ်ပြန့်ပွားစေသည်ကို ငါမြင်ရသော်လည်း၊ 36 နောက်တစ်ဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက်၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။ 37 စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။ 38 ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ 39 ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ 40 ထာဝရဘုရားသည် သူတို့ကိုမစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နုတ်ယူကယ်တင်တော်မူမည်။