Arca da aliança
A Arca da Aliança era o símbolo mais sagrado de Israel — representava a presença de Deus no meio do seu povo. Sobre ela brilhava a glória do Senhor entre os querubins.
အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့်မွမ်းမံရမည်။ သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်ရမည်။ ရွှေလေးကွင်းကိုသွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာနှစ်ကွင်းစီ တပ်ရမည်။ အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊ သေတ္တာထမ်းစရာဖို့တစ်ဖက်တစ်ချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။ ထိုထမ်းပိုးကိုလည်း သေတ္တာရွှေကွင်းထဲကမနုတ်၊ အစဉ်ရှိစေရမည်။ ငါပေးသောသက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာထားရမည်။
အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတစ်ဖက်တစ်ချက်၌ ထုလုပ်ရမည်။ ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံးကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တစ်ဖက်တစ်ပါးစီလုပ်ပြီးလျှင်၊ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးရမည်။ သေတ္တာအဖုံးကို သေတ္တာပေါ်မှာတင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာထားရမည်။
ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။
တစ်ဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ သင်သည် ပထမလ၊ ပထမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။ တဲတော်အထဲ၌၊ သက်သေခံချက်သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းပိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကိုတင်ပြီးမှ၊ သေတ္တာကို တဲတော်၌သွင်း၍ ကွယ်ကာရာအတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက်သေတ္တာကို ကွယ်ကာလေ၏။
မောရှေသည် ဘုရားသခင်ကိုလျှောက်ခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်သောအခါ၊ ခေရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သော အဖုံးအထက်က၊ ဘုရားသခင်ခေါ်တော်မူသံကို မောရှေသည်ကြား၍ ထူးလေ၏။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဖို့ စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။ သူတို့သည် နေ့အချိန်၌တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုးတိမ်သည် သူတို့အပေါ်မှာရှိလေ၏။ သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရားထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှပြေးကြပါစေသော ဟူ၍လည်းကောင်း၊သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အိုထာဝရဘုရား၊ ဣသရေလအမျိုးသား အထောင်အသောင်းရှိရာသို့ ပြန်လာတော်မူပါဟူ၍လည်းကောင်း လျှောက်ဆိုလေ့ရှိ၏။
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။ လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတစ်ဦးလျှင် လှံတံတစ်ချောင်းစီရှိရမည်။ ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။ ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တစ်ဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတစ်ဦးလျှင် လှံတံတစ်ချောင်းစီ လှံတံဆယ်နှစ်ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။ မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထားလေ၏။ နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက် ရှိ၏။ မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရားထံတော်က ဣသရေလအမျိုးသားတို့ရှေ့သို့ ထုတ်ဆောင်သဖြင့်၊ သူတို့သည်ကြည့်ရှု၍၊ လူတိုင်းမိမိလှံတံကို ယူပြန်လေ၏။ ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ၊ အာရုန်၏လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ သူတို့အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည်ပြုလေ၏။
လူများတို့သည် ယော်ဒန်မြစ်ကိုကူးအံ့သောငှာ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊ ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဖဝါးတို့သည် လျှံသောရေကိုနင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတစ်လျှောက်လုံးကို လျှံလေ့ရှိသော်လည်း၊ မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင်ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။ လူများအပေါင်းတို့သည် ယော်ဒန်မြစ်တစ်ဖက်သို့ မရောက်မီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ်အလယ်တွင် မြေပေါ်၌မြဲမြံစွာနင်း၍၊ ဣသရေလအမျိုးသားအပေါင်းတို့သည် မြေပေါ်၌လျှောက်သွားရကြ၏။
ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲက တက်လာ၍၊ ခြေဖဝါးတို့သည် ကုန်းကိုနင်းမိကြသောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတစ်လျှောက်လုံးကို လျှံလျက်နေ၏။
ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေရိခေါမြို့သည် ကျပ်တည်းစွာပိတ်ထားလျက်ရှိ၍၊ ထွက်သောသူ၊ ဝင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသည်နှင့်အညီ၊ ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ကို သင့်လက်၌ ငါအပ်လေပြီ။ သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံး လှည့်ပတ်ခြင်းအမှုကို ပြုရကြမည်။ ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။ ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့်မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည်ဟု ယောရှုအား မိန့်တော်မူ၏။
နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍၊ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်းသွားသဖြင့်၊ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ခုနစ်ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွားကြလော့ဟူ၍လည်းကောင်း၊ လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍လည်းကောင်း မှာထားလေ၏။
ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။
ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။ လူများတို့သည် တပ်ထဲသို့ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့်ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှာ၊ ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊ လူများတို့သည် ရှိလောမြို့သို့ လူကိုစေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဧလိ၏သား ဟောဖနိနှင့်ဖိနဟတ် နှစ်ယောက်တို့သည် ပါကြ၏။ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီးအသံ မြည်သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။ ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏သေတ္တာတော်သည် ထိုတပ်ထဲသို့ရောက်ကြောင်းကို သိကြ၏။ ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီတကား။ ငါတို့သည် အမင်္ဂလာရှိကြ၏။ တစ်ခါမျှ ဤသို့ မဖြစ်စဖူး။ ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ်တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သောဘုရားကား၊ အခြားမဟုတ် ဤဘုရားပေတည်း။ အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန်မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆိုကြ၏။ ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုးရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလ ခြေသည်သူရဲ သုံးသောင်းတို့သည် သေကြ၏။ ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို့ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့်ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
အာဇုတ်မြို့နှင့် မြို့နယ်၌နေသောသူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက်အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့သားတို့သည် ထိုအမှုကိုမြင်လျှင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရားဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏သေတ္တာတော်ကို ငါတို့တွင်မရှိစေရဟုဆိုလျက်၊ လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။ ထိုမြို့သို့ဆောင်သွားသောနောက်၊ ထာဝရဘုရား၏လက်တော်သည် ထိုမြို့၌ ကြီးစွာသောဖျက်ဆီးခြင်းကိုပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။ တစ်ဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကိုသတ်စေခြင်းငှာ၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊ လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှာ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်းအရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တစ်မြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနစ်လနေပြီးမှ၊ ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သကာနှင့် လွှတ်လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။ သူတို့ကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ်လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သကာကို ဆက်ဆက်ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌က၍၊ နွားသငယ်တို့ကို သူ့နေရာ၌ ချုပ်ထားကြ၏။ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မြင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။ နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ယာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။ ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မျှော်ကြည့်၍ သေတ္တာတော်ကိုမြင်သောအခါ ဝမ်းမြောက်ကြ၏။ လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကိုချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေတန်ဆာပါသော သေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ချင်းတွင် မီးရှို့ရာယဇ်မှစ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အဘိနဒပ်အိမ်၌ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှာ၊ သူ၏သားဧလာဇာကို သန့်ရှင်းစေကြ၏။
သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ရှိစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားကိုအောက်မေ့၍ မြည်တမ်းကြ၏။
ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းချီးပေးတော်မူကြောင်းကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တစ်ဖန်သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။ ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသောသူတို့သည် ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်လေ၏။ ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ ကလေ၏။ ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
ထိုအခါ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှာ၊ ရှောလမုန်သည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည်ရှိသော သတ္တမလ၌ လုပ်သောပွဲအတွင်းတွင် ရှောလမုန်မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်းတို့သည် လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းလျက်၊ ပရိသတ်စည်းဝေးရာ တဲတော်၊ တဲတော်နှင့်ဆိုင်၍ သန့်ရှင်းသောတန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။ ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့မှာ ယဇ်ပူဇော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။ ခေရုဗိမ်တို့သည် မိမိအတောင်နှစ်ဖက်ကို သေတ္တာတော်နေရာအပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းပိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။ ထမ်းပိုးတို့ကို ဆွဲထားသဖြင့် ထမ်းပိုးဖျားတို့သည် ပြင်ခန်း၌မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်၌သာထင်၍ ယနေ့တိုင်အောင်ရှိကြ၏။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်းထားသော ကျောက်ပြားနှစ်ပြားမှတစ်ပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။
ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကိုဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။
အို ဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဖူးသော်လည်း၊ သင်တို့မြို့များထဲက တစ်မြို့လျှင် လူတစ်ယောက်၊ အမျိုးသားချင်းအစုစုထဲက တစ်စုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။ ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍၊ သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။ ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွားများပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ဟူ၍ နောက်တစ်ဖန် မပြောမဆိုရ။ ထိုသေတ္တာတော်ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တစ်ဖန်မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။
တစ်နည်းကား၊ ပထမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်လည်းကောင်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်လည်းကောင်း စပ်ဆိုင်၏။- အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟုခေါ်ဝေါ်သော ပထမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။- ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။- ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။- ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်းမရှိ။
တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်း ဖြစ်ကြ၏။-