Sinais do fim dos tempos
A Bíblia descreve sinais que precederão a volta de Jesus. Guerras, falsos mestres, sinais cósmicos e a pregação do evangelho a todas as nações — tudo aponta para o fim dos tempos.
Sinais proféticos
Este evangelho do Reino será pregado em todo o mundo e então virá o fim. Os sinais dos últimos tempos já se manifestam.
လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။
ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။-ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတ္တံ့။
သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။-ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင်ပြီး၏။
ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။-
Os últimos dias
Nos últimos dias virão tempos difíceis, homens amantes de si mesmos. Mas derramarei o meu Espírito sobre toda a carne.
နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊- လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊- ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊- သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။-
ဟောဖူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။- ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။- အထက်မိုးကောင်းကင်၌ အံ့ဖွယ်သော အရာတို့ကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကိုလည်းကောင်း ငါပြမည်။- ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။- ထိုအခါထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။
ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။
ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက်ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်လည်းကောင်း နိုးကြလိမ့်မည်။ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။
Esperança e prontidão
O dia do Senhor virá como ladrão. Mas nós não somos das trevas — estejamos sóbrios, vigiliando e esperando.
သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။- သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။- ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။- သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့။
သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။- အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညအခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညအခါ ယစ်မူးတတ်ကြ၏။- နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဝတ်ဆောင်ကြကုန်အံ့။- အမျက်တော်ကိုခံစေခြင်းငှာ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှာ ခန့်ထားတော်မူ၏။-
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။- ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။- ထိုကြောင့် သင်တို့သည် ဖြစ်လတ္တံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။
ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတစ်ရက်သည်၊ အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်းဖြစ်သည် အရာတစ်ခုကို မမေ့လျော့ကြနှင့်။- လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏။- သူခိုးသည် ညအခါလာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုးကောင်းကင်သည် မီးနှင့် ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။- ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။
နက်နဲသော အရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။- သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။-
ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ငါဖန်ဆင်းလတ္တံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။ ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန် မကြားရ။
မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်း ဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။-သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။-ကောင်းကင်မှကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။-ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။-