11 ရှောလုသည် သူ့ကိုစောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှာ သူ့အိမ်သို့လူကိုစေလွှတ်၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟုဆိုလျက်၊ 12 ဒါဝိဒ်ကို ပြတင်းပေါက်မှလျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။ 13 မိခါလသည်လည်း၊ တေရပ်ရုပ်တုကိုယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ကာ၍ စောင်နှင့်ခြုံလေ၏။ 14 ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ ရှောလုစေလွှတ်သောလုလင်ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။ 15 ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှုစေလွှတ်၍၊ 16 တမန်တို့သည် ဝင်ကြသောအခါ ဆိတ်မွေးဖြင့် ရက်သောကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။ 17 ရှောလုကလည်း ငါ့ကိုလှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကိုငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
18 ထိုသို့ ဒါဝိဒ်ပြေး၍ ရှောလုလက်မှလွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည်သွား၍ နာယုတ်ရွာမှာနေ၏။