ဧလိ၏သားများ
12 ဧလိ၏သားတို့သည် ထာဝရဘုရားကို မသိ၊ အဓမ္မလူဖြစ်ကြ၏။ 13 လူများတို့တွင် ယဇ်ပုရောဟိတ်ပြုသော ထုံးစံဟူမူကား၊ ယဇ်ပူဇော်၍ အမဲသားကို ပြုတ်စဉ်အခါ၊ ယဇ်ပုရောဟိတ်၏ အစေအပါတစ်ယောက်သည်လာ၍ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက်၊ 14 အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှိလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။ 15 ဆီဥကို မီးမရှို့မီ ယဇ်ပုရောဟိတ်၏ အစေအပါသည်လာ၍၊ ယဇ်ပုရောဟိတ်ဖို့ ကင်စရာအမဲသားကို ပေးပါ။ ပြုတ်သော အမဲသားကို မယူ။ စိမ်းသောအမဲသားကိုသာယူမည်ဟု ယဇ်ပူဇော်သောသူအား ဆိုတတ်၏။ 16 ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟု ဆိုလျှင်၊ မဟုတ်ဘူး၊ ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။ 17 ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။