ဆရာအတုအယောင်များ
1,2 ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသားစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။- 3 မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍လည်းကောင်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍လည်းကောင်း ပညတ်ထားကြလိမ့်မည်။-