23 သူတို့သည် ခရစ်တော်၏ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။- 24 ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တစ်ခုယုတ် ငါခံခဲ့ရပြီ။- 25 သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကိုလည်းကောင်း၊ တစ်ကြိမ် ခဲနှင့် ပစ်ခြင်းကိုလည်းကောင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။- 26 အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။- 27 ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။
28 ထိုအမှုမှတစ်ပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံခဲ့ရ၏။- 29 ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။- 30 ငါသည် မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။-