မိစ္ဆာပရောဖက်
1 သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။- 2 သူတို့ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။- 3 သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကို ကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွှဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။