10 ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှာသခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ချင်းရှာကြံကြ၏။
လုဒိယုံကြည်သူဖြစ်လာခြင်း
11 ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက်ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။- 12 ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သောမြို့တည်းဟူသော မာကေဒေါနိပြည်တစ်ပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလအတန်အရာ နေကြ၏။
13 ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပတ္ထနာဇရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။- 14 ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွာတိရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။- 15 ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏။
ဖိလိပ္ပိထောင်တွင်အကျဉ်းခံရခြင်း
16 ထိုနောက်မှ ငါတို့သည် ပတ္ထနာဇရပ်သို့ သွားစဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ်တစ်ယောက်သည် ငါတို့ကိုဆီးကြိုလေ၏။- 17 ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။-