18 တမန်တော်တို့ လက်ကိုတင်သောအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊- 19 အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊- 20 ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။- 21 သင်သည် ဤအမှုအရာနှင့် မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။- 22 ထိုကြောင့် သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။- 23 သင်သည် ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့နှင့် မလွတ်ကြောင်းကို ငါသိမြင်သည်ဟုဆို၏။- 24 ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစ်စုံတစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဖို့ အလိုငှာ ဆုတောင်းတော်မူကြပါဟု ပြန်ပြော၏။-
Publicidade