ခရစ်တော်၌တစ်လုံးတစ်ဝတည်း
1 ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။- 2 အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် သည်းခံခြင်းရှိကြ၍၊- 3 အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား တစ်လုံးတစ်ဝတည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်ကြလော့။- 4 သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းတစ်ပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ၊ ကိုယ်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ်တည်းရှိ၏။- 5 သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး၊- 6 ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။- 7 သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီး ကိုယ်စီခံရကြပြီ။- 8 ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဖမ်းသွားတော်မူ၍၊ လူတို့အား ဆုလာဘ်များကို ပေးတော်မူသည်ဟု လာသတည်း။-ဆာ၊ ၆၈း၁၈။9 တက်ကြွတော်မူသည်ဟု ဆိုသော်၊ အစစွာ မြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။- 10 ဆင်းသက်တော်မူသောသူသည် အခြားသောသူ မဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှာ၊ ခပ်သိမ်းသော ကောင်းကင်တို့၏အထွတ်ကို လွန်၍ တက်ကြွတော်မူသော သူဖြစ်သတည်း။
11 ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊- 12 သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှာ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း၊ ခန့်ထားတော်မူ၏။-