6 ထိုမှတစ်ပါး၊ ယေရှုသည် သာ၍မြတ်သော ကတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။- 7 ပထမပဋိညာဉ်တရားသည်၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိယပဋိညာဉ်တရား တည်ရသောအခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။- 8,9 ပထမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင် ငါပေးဖူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ၊ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။- 10 နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။- 11 ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမဩဝါဒ မပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။- 12 ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။- 13 ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပထမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။