ဖိလိပ္ပုနှင့်နာသနေလ
43 နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှာ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။- 44 ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဖွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။- 45 ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။-