21 မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။- 22 ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- 23 ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- 24 မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- 25 ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။- 26 ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။- 27 ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။