တပည့်တော်တို့၏ခြေကိုဆေးခြင်း
1 ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။- 2 ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊- 3 ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည်သိတော်မူသည်နှင့်၊- 4 စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။- 5 ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါနှင့် သုတ်တော်မူ၏။
6 ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။- 7 ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။- 8 ပေတရုကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။- 9 ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကိုလည်းကောင်း၊ ဦးခေါင်းကိုလည်းကောင်း ဆေးတော်မူပါဟု လျှောက်ပြန်၏။- 10 ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတစ်ပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ 11 ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။
12 ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တစ်ဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။-လု၊ ၂၂:၂၇။13 သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။- 14 ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။- 15 ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှာ ပုံသက်သေကို ပြခဲ့ပြီ။- 16 ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ ကြီးမြတ်သည်မဟုတ်။-မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၅:၂၀။17 ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။-