မှန်သောစပျစ်နွယ်ပင်
1 ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။- 2 ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။- 3 သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိကြ၏။- 4 ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။- 5 ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။-