23 စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊- 24 ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။ဆာ၊ ၂၂:၁၈။
25 ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။- 26 ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊- 27 တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။