တပည့်တော်ခုနစ်ဦးကိုကိုယ်ထင်ပြခြင်း
1 တစ်ဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊- 2 ရှိမုန်ပေတရုနှင့် ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။- 3 ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဖမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ချင်းလှေထဲသို့ဝင်၍ ထိုညတွင် တစ်ကောင်ကိုမျှမရကြ။-လု၊ ၅:၅။4 နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။- 5 ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- 6 တစ်ဖန်ယေရှုက၊ လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။လု၊ ၅:၆။
7 ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။- 8 အခြားသော တပည့်တော်တို့သည် ကမ်းနှင့် မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။- 9 ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကိုလည်းကောင်း၊ ကင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့မြင်ကြ၏။- 10 ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟု မိန့်တော်မူ၏။- 11 ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတစ်ရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။-