21 ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။- 22 လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊- 23 သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့် ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။- 24 ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
25 ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။- 26 အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။- 27 သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။- 28 ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊- 29 ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။ဒံ၊ ၁၂:၂။
30 ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။
31 ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။-