11 ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ယာဘက်၌ ရပ်နေသည်ကို၊- 12 ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။- 13 ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။- 14 သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။- 15 အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။-တော၊ ၆:၃။16 ဣသရေလအမျိုးသား အများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။- 17 အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။-မာလ၊၄:၅-၆။