ဇာခရိ၏ဟောချက်
67 သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- 68-75 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တစ်သက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်းကတိတော်တည်းဟူသော သန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်လည်းကောင်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်လည်းကောင်း၊ မိမိလူမျိုးကို အကြည့်အရှု ကြွလာလျက် ရွေးနုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှလည်းကောင်း၊ မုန်းသောသူရှိသမျှတို့ လက်မှလည်းကောင်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။
76 အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။-မာလ၊၃:၁။77 အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဖော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှာ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။- 78 ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊- 79 မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့် ဟောလေ၏။-ဟေရှာ၊၉:၂။