ဗိမာန်တော်မှာဆက်ကပ်ခြင်း
22 ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊-ဝတ်၊ ၁၂:၆-၈။23 သားဦး ယောက်ျားအပေါင်းတို့သည် ဘုရားအဖို့သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာသည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊-ထွ၊ ၁၃:၂၊၁၂။24 ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပူဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်း လာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။
25 ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊- 26 သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။- 27 ထိုအခါ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်း ပြုခြင်းငှာ ဆောင်သွားစဉ်တွင်၊- 28 ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊- 29 ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။- 30-32 ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။-ဟေရှာ၊ ၄၂:၆၊ ၄၉:၆၊ ၅၂:၁၀။33 ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။- 34 ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- 35 ထိုမှတစ်ပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။-
36 အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတစ်ယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့် နေပြီးလျှင်၊- 37 အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။-
38 သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။