18 ထိုအခါ လက်ခြေသေသောသူတစ်ယောက်ကို အိပ်ရာနှင့်တကွ အထံတော်သို့ဆောင်ခဲ့၍၊ ရှေ့တော်၌ သွင်းထားခြင်းငှာ ရှာကြံကြ၏။- 19 လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့်၊ အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိပ်ရာနှင့်တကွ လူများအလည် ယေရှု၏ရှေ့တော်သို့ လျှော့ချကြ၏။- 20 ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- 21 ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။- 22 ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ထင်မှတ်ကြသနည်း။- 23 အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- 24 လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော။ သင့်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။- 25 ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။-