27 ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတစ်ယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြုလေ၏။- 28 ကိုယ်တော်ကိုမြင်လျှင် ပျပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။- 29 လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- 30 ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊- 31 အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှာ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။
32 ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။- 33 နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။- 34 ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သတင်းကြားပြောကြသော်၊- 35 လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။ အထံတော်သို့ ရောက်သောအခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။-