49 ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ယှက်ပါနှင့်ဟု ဆို၏။- 50 ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့် လွတ်လိမ့်မည်ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။- 51 အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းမငယ်၏မိဘမှတစ်ပါး အဘယ်သူကိုမျှ အထဲသို့မဝင်စေခြင်းငှာ ဆီးတားတော်မူ၏။- 52 လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊- 53 သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- 54 ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊- 55 စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ချင်းထလေ၏။- 56 သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအားမျှ မပြောရမည်အကြောင်း ပညတ်တော်မူ၏။