ဗာတိမဲကိုမျက်စိမြင်စေခြင်း
46 ယေရိခေါမြို့သို့ ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွာသော လူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- 47 နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- 48 ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- 49 ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟု ဆိုကြ၏။- 50 ထိုသူသည် မိမိအဝတ်ကို ပစ်ချထားပြီးလျှင်၊ ထ၍ ယေရှုထံတော်သို့သွား၏။- 51 ယေရှုကလည်း၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- 52 အရှင်ဘုရား အကျွန်ုပ်မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လူကန်းလျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့ လိုက်လေ၏။