38 တရားဇရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကိုလည်းကောင်း၊ အလွန်ငိုကြွေးမြည်တမ်းသော သူတို့ကိုလည်းကောင်း မြင်တော်မူလျှင်၊- 39 အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊- 40 ထိုသူတို့သည် ပြက်ရယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကိုလည်းကောင်း၊ ကိုယ်တော်နှင့်ပါသော သူတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊- 41 သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။- 42 ထိုခဏချင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တစ်ဆယ်နှစ်နှစ်အရွယ် ရှိ၏။ ထိုသူတို့သည် အလွန် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။-