လောင်သောနေ့ရက်ကာလ
1 မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ 2 ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။