20 ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။- 21 သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။-လု၊ ၁:၃၁။ ဆာ၊ ၁၃၀း၈။
22 ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းအတည်း။- 23 ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။-ဟေရှာ၊၇:၁၄။24 ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝရဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။- 25 သို့သော်လည်း၊ သားဦး ကို မဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏။လု၊ ၂:၂၁။