တောမျိုးစေ့ဥပမာ
24 အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့် တူ၏။- 25 လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။- 26 အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊- 27 ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊- 28 အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနုတ်စေခြင်းငှာ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊- 29 အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။- 30 စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။