3 ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- 4 အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။- 5 အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊- 6 နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- 7 အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲကြ၏။- 8 အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- 9 ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။-