တောမျိုးစေ့ဥပမာကိုရှင်းပြခြင်း
36 ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါဟု လျှောက်ကြလျှင်၊- 37 ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။- 38 လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။- 39 တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။- 40 တောပင်တို့ကိုရွေးနုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတ္တံ့။- 41 လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- 42 ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။- 43 ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။