အိုင်ပေါ်မှာစက်တော်ဖြန့်ခြင်း
22 ယေရှုသည် စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက်သို့ အရင် ကူးစေတော်မူ၏။- 23 စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန် ရောက်သောအခါ၊ တစ်ယောက်တည်း ရှိနေတော်မူ၏။- 24 လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။- 25 ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက် တပည့်တော်တို့ရှိရာသို့ ကြွတော်မူ၏။- 26 ထိုသို့ အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ်သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။- 27 ယေရှုသည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။- 28 ပေတရုကလည်း၊ သခင် ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာ လာရမည်အကြောင်း မိန့်တော်မူပါဟု လျှောက်လျှင်၊- 29 လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။- 30 လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။- 31 ယေရှုသည် လက်တော်ကို ချက်ချင်းဆန့်၍ ပေတရုကို ကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ် ဝင်သနည်းဟု မေးတော်မူ၏။- 32 လှေပေါ်သို့ရောက်ကြလျှင် လေသည် ငြိမ်းလေ၏။- 33 လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်ပါသည်ဟု ညွတ်ပျပ်၍ လျှောက်ကြ၏။