အပြစ်မလွှတ်သည့်ကျွန်ဥပမာ
21 ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။-လု၊ ၁၇:၃-၄။22 အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။- 23 ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တစ်ဦးနှင့် တူ၏။- 24 စာရင်းယူစဉ်တွင်၊ ငွေအခွက်တစ်သိန်းကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။- 25 ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။- 26 ထိုကျွန်သည် ညွတ်ပျပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု လျှောက်လျှင်၊- 27 သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
28 ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတစ်ရာ ကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။- 29 ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ ပျပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊- 30 ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ်မီတိုင်အောင် သူ့ကိုထောင်ထဲမှာ လှောင်ထား၏။- 31 ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့် သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။- 32 ထိုအခါ သခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ် ဆိုးညစ်သောကျွန်၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။- 33 ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက်၊- 34 အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။- 35 သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတ္တံ့ဟု မိန့်တော်မူ၏။