13 သိုးမွေးနှင့် ဝါကိုရှာ၍၊ မိမိလက်နှင့် အလိုအလျောက်လုပ်တတ်၏။ 14 ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။ 15 မိုးမလင်းမီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကိုလည်းကောင်း၊ ကျွန်မတို့အား အငန်းအတာကိုလည်းကောင်း၊ ပေးဝေတတ်၏။ 16 ကောင်းမွန်စွာဆင်ခြင်၍၊ လယ်ကွက်ကို ဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။ 17 မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သန်မြန်စေတတ်၏။ 18 မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီးခွက်သည် တစ်ညလုံးမသေတတ်။ 19 ချည်ဖြစ်စေတတ်သောတန်ဆာတို့ကို ကိုယ်လက်နှင့်ကိုင်၍ လုပ်ဆောင်တတ်၏။ 20 ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ်သောသူတို့အား လက်ရုံးကို ဆန့်တတ်၏။