11 နောမိကလည်း၊ ငါ့သမီးတို့ ပြန်သွားကြလော့။ ငါနှင့်အတူ အဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင်ရှာဖို့ ငါ၏ဝမ်း၌ သားရှိသေးသလော။ 12 ငါ့သမီးတို့ ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍ လင်နှင့်မနေသင့်။ သို့မဟုတ် မျှော်လင့်စရာရှိသေးသည်ဟု ငါဆိုလျှင်လည်းကောင်း၊ ယနေ့ညမှာ လင်နေလျှင်လည်းကောင်း၊ သားတို့ကိုလည်း ဖွားမြင်လျှင်လည်းကောင်း၊ 13 ထိုသားတို့သည် ကြီးပွားသည်တိုင်အောင် ငံ့နေလိမ့်မည်လော။ လင်မနေဘဲ သူတို့ကို မျှော်လင့်လိမ့်မည်လော။ ငါ့သမီးတို့ ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟု ဆိုလေသော်၊