8 သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ ပြန်သွားကြလော့။ သေလွန်သောသူ၌လည်းကောင်း၊ ငါ၌လည်းကောင်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။ 9 သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟု ဆိုလျက် သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ ငိုကြွေးလျက်၊ 10 အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။ 11 နောမိကလည်း၊ ငါ့သမီးတို့ ပြန်သွားကြလော့။ ငါနှင့်အတူ အဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင်ရှာဖို့ ငါ၏ဝမ်း၌ သားရှိသေးသလော။ 12 ငါ့သမီးတို့ ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍ လင်နှင့်မနေသင့်။ သို့မဟုတ် မျှော်လင့်စရာရှိသေးသည်ဟု ငါဆိုလျှင်လည်းကောင်း၊ ယနေ့ညမှာ လင်နေလျှင်လည်းကောင်း၊ သားတို့ကိုလည်း ဖွားမြင်လျှင်လည်းကောင်း၊ 13 ထိုသားတို့သည် ကြီးပွားသည်တိုင်အောင် ငံ့နေလိမ့်မည်လော။ လင်မနေဘဲ သူတို့ကို မျှော်လင့်လိမ့်မည်လော။ ငါ့သမီးတို့ ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟု ဆိုလေသော်၊ 14 သူတို့သည် တစ်ဖန် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ ထိုအခါဩရပသည် ယောက္ခမကိုနမ်း၍ မိမိအမျိုးသားတို့ထံသို့ ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌ မှီဝဲဆည်းကပ်လျက် နေသေး၏။