14 မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကိုယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။ 15 သူသည်သင်၏အသက်ကို ပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူ ဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဖို့သာ၍ကောင်းသော သင်၏ချွေးမသည် သားယောက်ျားကို ဖွားမြင်ပြီဟု ပြောဆိုကြ၏။ 16 နောမိသည် ထိုသူငယ်ကိုယူ၍ ပိုက်ချီလျက်ထိန်းလေ၏။ 17 အိမ်နီးချင်း မိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟု ဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှဲ။ ယေရှဲသားကားဒါဝိဒ်တည်း။