ထာဝရဘုရား၏နေ့ကြီး
14 ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။ ထာဝရဘုရား၏နေ့သတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။ 15 ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊ 16 ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တစ်ဖက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ ဖြစ်၏။ 17 သူတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့ သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။ 18 ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တစ်ပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန်စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။