အင်္ဂါအစိတ်အပိုင်းများဆိလဲ့ ကိုယ်ခန္ဓာ
12 ၁၂.၁၂ ရော ၁၂.၄,၅ ခရစ်တော်ဟ အင်္ဂါအစိတ်အပိုင်းများဆိလဲ့ ကိုယ်ခန္ဓာနဲ့ တူအယ်။ ကိုယ်ခန္ဓာဟ အင်္ဂါအစိတ်အပိုင်းအများ ဆိသော်လည်း တကိုယ်တည်းသာ ဖြစ်အယ်။ 13 အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။
14 လူရဲ့ ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း တခုတည်း ဆိတာမဟုတ်ဘဲ အများဆိအယ်။ 15 ခြေဟ "ငါသည် လက် မဟုတ်သဖြင့် ကိုယ်ခန္ဓာနဲ့ မစပ်ဆိုင်" ဟု ဆိုလျှင်လည်း ခြေဟ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်သေးအယ်။ 16 နားဟလည်း "ငါသည် မျက်စေ့ မဟုတ်သဖြင့် ကိုယ်ခန္ဓာနဲ့ မစပ်ဆိုင်" ဟု ဆိုလျှင်လည်း နားဟ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်သေးအယ်။ 17 ကိုယ်ခန္ဓာတခုလုံးဟ မျက်စေ့ဖြစ်လျှင် စလို ကြားနိန်မှာတုန်း၊ ကိုယ်ခန္ဓာတခုလုံးဟ နားဖြစ်ရင် စလို အနံ့ခံနိန်မှာတုန်း။ 18 အားပေမဲ့ ဘုရားသခင်ဟ အလိုတော်ဆိလဲ့အတိုင်း ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း အသီးသီးလို့ သူလို့နေရာနဲ့ သူဆိစေအယ်။ 19 အင်္ဂါအစိတ်အပိုင်း တခုတည်း ဖြစ်ရင် ကိုယ်ခန္ဓာ ဖြစ်လာနိန်မယ် မဟုတ်။ 20 အမန်ဆိုသော် အင်္ဂါအစိတ်အပိုင်း အများဆိသော်လည်း ကိုယ်ခန္ဓာ တခုတည်းသာ ဆိအယ်။
21 အဲကျောန့် မျက်စေ့ဟ လက်အား "နင့်ဟို ငါ အလိုမဆိ" ဟု မဆိုနိန်။ ဦးခေါင်းဟလည်း ခြေအား "နင့်ဟို ငါ အလိုမဆိ" ဟု မဆိုနိန်။ 22 ဆန့်ကျင်ဘက်အနေနဲ့၊ အားနည်းနေပုံ ရသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မပါဘဲ မလုပ်နိန်ပါ။ 23 ယုတ်တာဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများဟို ငါလို့ ပိုယွေ့ ဂရုစိုက်ကြရအယ်။ တင့်တယ်ခြင်း မဆိလဲ့ အင်္ဂါအစိတ်အပိုင်းများဟို ပိုယွေ့ တင့်တယ်အောန် မွမ်းမံကြရအယ်။ 24 တင့်တယ်ပင်း ဖြစ်လဲ့ အင်္ဂါအစိတ်အပိုင်းများဟိုမူ မွမ်းမံနေစရာ မလို။ ဂုဏ်အသရေလိုလဲ့ အင်္ဂါအစိတ်အပိုင်းလို့ဟို ပိုယွေ့ ဂုဏ်အသရေ ဆိစေရန် ဘုရားသခင် တတ်တိုင်း ကိုယ်ခန္ဓာဟို စေ့စပ် ပြုပြင်ထားအယ်။ 25 အဲလိုမို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဆိဘဲ အချင်းချင်းရဲ့ အကျိုးဟို ပြုစုလျက် ဆိကြအယ်။ 26 ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ဝေဒနာခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူခံရကြအယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ချီးမွန်းခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူ ဝမ်းမြောက်ရကြအယ်။
27 နင်လို့အပေါင်းလို့ဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ နင်လို့အသီးသီးဟလည်း ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြအယ်။