နောက်ဆုံးသော ကာလ
1 နောက်ဆုံးသော ကာလလို့နှိုက် ခဲယဉ်းသော အချိန်ကာလများ ကျရောက်မယ်ဖြစ်ကျောန်း သိမှတ်လော့။ 2 အကျောန်းမှာ လူလို့ဟ မိမိတတ်တိုင်း ချစ်သောသူ၊ ပိတ်ဆန်ဟို တပ်မက်စွဲလန်းသောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားဟို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူနဲ့ မသန့်ဆှင်းသောသူ၊ 3 ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းတိုက်တတ်သောသူ၊ မိမိစိတ်ဟို မချုပ်တည်းနိန်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုဟို မုန်းသောသူ၊ 4 သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ဟို နှစ်သက်တာထက် ကာမဂုဏ်ခံစားခြင်းဟို သာယွေ့ နှစ်သက်သောသူ၊ 5 ဘုရားဝတ်နှိုက် မွေ့လျော်ဟန်ဆိသော်လည်း ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းရဲ့ တန်ခိုးဟို ငြင်းပယ်သောသူများ ဖြစ်ကြလိမ့်မယ်။ အဲသူလို့ဟို ဆှောင်လော့။