ဝိညာဉ်တော်အားဖြင့် အသက်ဆှင်ခြင်း
1 အေးကျောန့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သူလို့ဟ အပစ်စီရင်ခြင်းနဲ့ အခု လွတ်ကြအယ်။ 2 ပစာကို့ ခရစ်တော် ယေရှုအားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်သော ဝိညာဉ်တော်ရဲ့ ပညတ်တရားဟ သေခြင်းနဲ့ အပစ်တရားလက်မှ ငါ့ဟို လွတ်မြောက်စေသောကျောန့် ဖြစ်အယ်။ 3 ဇာတိအားဖြင့် ပညတ်တရားဟ အားနည်းသောကျောန့် မတတ်နိန်သောအမှုဟို ဘုရားသခင်ဟ ဆောင်ရွက်ပေးအယ်။ ကိုယ်တော်ဟ အပစ်တရားဟို ဇာတိသဘောတွင် အပစ်ဒဏ်စီရင်နိန်ရန် မိမိရဲ့ သားတော်အား လောကဟို စေလွှတ်ခြင်းအားဖြင့် အပစ်တရားဟို ဖယ်ဆှားရန် ငါလို့ရဲ့ အပစ်ဆိသော ဇာတိသဘောလိုမျိုး သဘောသဘာဝနဲ့လာအယ်။ 4 အေးစာဟ ဇာတိပကတိ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော် အလိုအတိုင်း အသက်ဆှင် ဆှောက်လှမ်းနေကြသော ငါလို့နှိုက် ပညတ်တရားရဲ့ ပြဋ္ဌာန်းချက်များ ပြေ့စုံစေရန် ဖြစ်အယ်။