ခရစ်ယာန်ညီအစ်ကိုအချင်းချင်း တရားစွဲဆိုခြင်း
1 သင်ရို့အထဲမှ တစ်ယောက်ယောက်က အခြားသော ခရစ်ယာန်ညီအစ်ကိုနှင့် အမှုဖြစ်လျှင် ဘုရားသခင်၏လူများ၌ စီရင်ဆုံးဖြတ်ခြင်းကို မခံဘဲ ဇာကြောင့် ဘုရားတရားမဲ့သော တရားသူကြီးများပါးသို့ လားကြပါသနည်း။ 2 ဘုရားသခင်၏လူများသည် ဤလောကကို တရားစီရင်ရမည်အကြောင်း သင်ရို့ မသိကြသလော။ သင်ရို့သည် ဤလောကကို တရားစီရင်မည့် သူများဖြစ်သည်ဆိုလျှင် ငယ်သောအမှုကိစ္စများကို မစီရင်နိုင်ပါသလော။ 3 ငါရို့သည် ကောင်းကင်တမန်တိကို တရားစီရင်ရမည့်အကြောင်း သင်ရို့မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို သာ၍ စီရင်ထိုက်သည် မဟုတ်လော။ 4 ထိုအမှုကိစ္စမျိုး ပေါ်ပေါက်လာသောအခါ အသင်းတော်နှင့် မသက်ဆိုင်သော သူရို့ပါးသို့ လား၍ တရား စီရင်ဆုံးဖြတ်ခြင်းကို ခံယူမည်လော။ 5 သင်ရို့သည် ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်း အမှုအခင်းဖြစ်ပွားကြသောအခါ သင်ရို့အသင်းတော်ထဲ၌ စီရင်ဆုံးဖြတ်နိုင်သည့် ပညာဟိသောသူ တစ်ယောက်မျှ မဟိသလော။