အသက်ရှင်သော မျှော်လင့်ခြင်း
3 ငါရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်၏ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် ယေသျှုခရစ်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီတော်မူခြင်းအားဖြင့် ငါရို့အား အသစ်သောဘဝကို ပီးတော်မူ၏။ သို့ဖြစ်၍ အသက်ရှင်သော မျှော်လင့်ခြင်းနှင့် ငါရို့အား ပြည့်ဝစီပြီးလျှင်၊ 4 ကိုယ်တော်၏ လူစုတော်အတွက် ဘုရားသခင် လျာထားတော်မူသော ချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်ရန် ငါရို့ မျှော်မှန်းလျက် ဟိကြ၏။ ကိုယ်တော်သည် ထိုချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ယိုယွင်း၊ ပျက်စီး၊ မှေးမှိန်၍ မလားနိုင်သော ကောင်းကင်ဘုံတွင် သင်ရို့အဖို့ သိုထားလျက်ဟိ၏။