2 သို့ဖြစ်၍ ဤလောကတွင် သင်ရို့ အသက်ရှင်ရန် ကျန်နိန်သိမ့်သော အချိန်ကာလ၌ လူ့စိတ်အလိုသို့ မလိုက်ဘဲ ဘုရားသခင်၏ အလိုတော်ကို လိုက်၍ အသက်ရှင်နိုင်ရန် ဖြစ်သည်။ 3 လွန်ခသည့်ကာလက သင်ရို့သည် သာသနာပလူများ ပြုသကဲ့သို့ ပြုမူခကြ၏။ သင်ရို့သည် ညစ်ညမ်းစွာပြုမူခြင်း၊ ကာမဂုဏ် တပ်မက်ခြင်း၊ သီရည်သောက်ကြူးခြင်း၊ အပျော်ကြူးခြင်း၊ စားသောက်ပွဲများ ကျင်းပခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်သော ရုပ်တုကိုးကွယ်ခြင်းများဖြင့် အသက်ရှင်လျက် အချိန်ကုန်ခကြ၏။ 4 အဂုမူကား သင်ရို့သည် သာသနာပလူများနှင့်အတူ ထိုသို့ အပျော်ကြူး၍ စည်းမဲ့ကမ်းမဲ့ သက်ရှင်မှုများတွင် မပါဝင်သောကြောင့် သူရို့သည် အံ့သြလျက် ကဲ့ရဲ့ပြောဆိုကြ၏။ 5 သို့ဖြစ်၍ သူရို့သည် အသက်ရှင်သောသူနှင့် သီသောသူတိအား တရားစီရင်ရန် အသင့် ဟိတော်မူသော ဘုရားသခင်၏ အထံတော်၌ စစ်ဆေးစီရင်ခြင်းကို ခံရလိမ့်မည်။ 6 ဤအကြောင်းကြောင့် သီလွန်သော သူရို့ကိုလည်း သတင်းကောင်းကို ဟောပြောရခြင်းဖြစ်၏။ ဤသည်ကား ထိုသူရို့သည် ကိုယ်ကာယအားဖြင့် အသက်ရှင်စဉ်အခါက လူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကို ခံရသော်လည်း ဝိညာဉ်မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ရန် ဖြစ်၏။
ဘုရားသခင်၏ ဆုကျေးဇူးများကို ကောင်းမွန်စွာ စီမံခန့်ခွဲသူများ
7 အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။