အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်း
1 သို့ဖြစ်၍ လူအပေါင်းရို့အတွက် ဘုရားသခင်အား အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းပန်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ပူဇော်ကြရန် ပထမဦးဆုံးအနေဖြင့် ငါ တိုက်တွန်းလိုက်၏။ 2 ငါရို့သည် သန့်ယှင်းခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်းအားဖြင့် အီးချမ်းသာယာစွာ နီထိုင်နိုင်ကြရန် သျှင်ဘုရင်ရို့နှင့် အာဏာပိုင်ရို့အားလုံးအတွက်လည်း ထိုသို့ ပြုကြလော့။ 3 ဤအမှုသည် ကောင်းမြတ်၍ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။