ပေါလုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း
3 ကရုဏာတော်၏ အဖ၊ နှစ်သိမ့်ခြင်း အလုံးစုံတိကို ပီးတော်မူသော ဘုရားသခင်၊ အသျှင်ယေသျှုခရစ်တော်၏ ခမည်းတော်ကို ငါရို့ ချီးမွမ်းကြကုန်အံ့။ 4 ငါရို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံကြရသောအခါ ကိုယ်တော်သည် ငါရို့အား နှစ်သိမ့်ခြင်းကို ပီးတော်မူ၏။ သို့ဖြစ်၍ ငါရို့သည် ငါရို့ကိုယ်တိုင် ဘုရားသခင်ထံတော်မှ ရဟိသော နှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားရသူရို့အား နှစ်သိမ့်ပီးနိုင်ရန်ဖြစ်၏။ 5 ခရစ်တော်၏ များစွာသောဒုက္ခဆင်းရဲကို ငါရို့ ခံစားရသည့်နည်းတူ ခရစ်တော်အားဖြင့် များစွာသော နှစ်သိမ့်ခြင်းကိုလည်း ခံစားရကြ၏။ 6 ငါရို့ ဆင်းရဲဒုက္ခခံရလျှင် ထိုအရာသည် သင်ရို့အတွက် နှစ်သိမ့်ခြင်းနှင့် ကယ်တင်ခြင်း ခံရစီရန် ဖြစ်၏။ သင်ရို့သည်လည်း ငါရို့ကဲ့သို နှစ်သိမ့်ခြင်းကို ခံရကြလျှင် ငါရို့ ခံစားရသော ဆင်းရဲဒုက္ခတိကို သည်းခံသောစိတ်နှင့် ခံနိုင်သော ခွန်အားကို ရကြလိမ့်မည်။ 7 သို့ဖြစ်၍ ငါရို့၏ မျှော်လင့်ခြင်းသည် သင်ရို့အတွက် ခိုင်မြဲလျက်ဟိ၏။ သင်ရို့သည် ငါရို့၏ ဆင်းရဲဒုက္ခတိ၌ ခံစားရကြသည့်နည်းတူ ငါရို့၏ နှစ်သိမ့်ခြင်းကိုလည်း ခံစားရကြကြောင်းကို ငါရို့သိကြ၏။