1 ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊ 2 မြို့တော်၏အလယ် လမ်းမတလျှောက် စီးဆင်းလေ၏။ ထိုမြစ်၏တစ်ဖက်စီ၌ အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပီးတတ်သည့် အသက်ပင်ဟိ၏။ ထိုအပင်၏ အရွက်များသည် လူမျိုးတကာရို့၏ အနာရောဂါများကို ပျောက်ကင်းစီရန်အတွက် ဖြစ်၏။ 3 ထိုမြို့တွင် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည့်အရာဟူ၍ မတွိ့ရ။
ဘုရားသခင်နှင့် သိုးသူငယ်တော်၏ ပလ္လင်တော်သည် ထိုမြို့တွင် ဟိ၍ ကိုယ်တော်၏ အစီခံရို့သည် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ 4 သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရကြလိမ့်မည်။ နာမတော်ကို သူရို့၏ နဖူးတွင် ရီးထားလျက် ဟိလိမ့်မည်။ 5 ထိုမြို့တွင် ညမဟိရ။ သူရို့သည် ဆီမီး၏အလင်းရောင်၊ နီ၏အလင်းရောင်ကို လိုအပ်ကြလိမ့်မည် မဟုတ်။ အကြောင်းမူကား အသျှင်ဘုရားသခင်သည် သူရို့အား အလင်းကို ပီးတော်မူမည်ဖြစ်၍၊ သူရို့သည် ထာဝရ အုပ်စိုးရကြလိမ့်မည်။