ဘုရားသခင်၏ လက်နက်စုံ
10 နောက်ဆုံး စကားဟူမူကား၊ သင်ရို့သည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ခိုင်ခံ့စီကြလော့။ 11 မာရ်နတ်၏ ဆိုးညစ်သော ပရိယာယ်များကို ခုခံကာကွယ်နိုင်ခြင်းငှာ ဘုရားသခင်ပီးတော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။ 12 အကြောင်းမူကား ငါရို့သည် အသွီးအသားဟိသော သူရို့နှင့် ဆိုင်ပြိုင်တိုက်ခိုက် ကြရသည် မဟုတ်။ ကောင်းကင်အရပ်မှလာသည့် ဆိုးယုတ်သော ဝိညာဉ်တန်ခိုးသျှင်နှင့် လည်းကောင်း၊ ဤမှောင်မိုက်သော လောကကို အုပ်စိုးသော သူတိ၊ တန်ခိုးသျှင်တိနှင့် လည်းကောင်း၊ အာဏာစက်တိနှင့် လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။ 13 ထို့ကြောင့် ဘုရားသခင်ပီးသော လက်နက်စုံကို ဝတ်ဆင်ကြလော့။ သို့မှသာလျှင် ခဲယဉ်းဆိုးယုတ်သောကာလ ကျရောက်လာသောအခါ သင်ရို့သည် ရန်သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ် နိုင်ကြလိမ့်မည်။ အဆုံးတိုင်အောင် တိုက်ခိုက်ပြီးသောအခါ သင်ရို့သည် ရပ်တည်နိုင်ကြလိမ့်မည်။
14 ထို့ကြောင့် အသင့်ဟိနိန်စီခြင်းငှာ၊ သမ္မာတရားတည်းဟူသော ခါးပန်းကို ပတ်ကြလော့။ ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်ကြလော့။ 15 ငြိမ်သက်ခြင်း၏ သတင်းကောင်းကို ဟောပြောရန် အသင့်ပျင်ဆင်ထားခြင်းတည်းဟူသော ခြီနင်းကို စီးကြလော့။ 16 ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှားကို အမြဲ ဆွဲကိုင်ထားကြလော့။ သင်ရို့သည် ထိုဒိုင်းလွှားအားဖြင့် မာရ်နတ်ပစ်ခတ်သော မြားလက်နက်ဟူသမျှကို ကာကွယ်နိုင်ကြလိမ့်မည်။ 17 ကယ်တင်ခြင်းတည်းဟူသော သံခမောက်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်၏ ဒါးကိုလည်းကောင်း ယူဆောင်ကြလော့။